မှော်ဘီ၊ မတ် ၁၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့ မတ်လ (၁၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၂၁၁) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မှော်ဘီမြို့နယ်အတွင်း၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (၁) စာစစ်ဌာန၊ အ.ထ.က (၂) စာစစ်ဌာန၊ အ.ထ.က(မြောင်းတကာ) စာစစ်ဌာနနှင့် ညောင်နှစ်ပင်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းတွင်းနှင့်ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၂၃၀၆) ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းနှင့် ကျောင်း ပြင်ပ ကျောင်းသား၊ ကျောင်းသူ (၂၂၁၁ )ဦးထိရှိကြောင်းလည်း သိရသည်။
ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား (၇၇၂)ဦး၊ ကျောင်းသူ (၁၀၂၆) ဦးနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၇၆) ဦး၊ ကျောင်းသူ (၂၃၇) ဦးရှိပြီး ကျောင်းတွင်းနှင့်ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၉၄၈ ) ဦးနှင့် ကျောင်းသူ (၁၂၆၃) ဦး စုစုပေါင်း(၂၂၁၁)ဦး ပျက်ကွက် (၉၅)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၆၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဝင်းဇော် (မှော်ဘီ)