အမရပူရ မတ် ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှ စ၍ မြန်မာဘာသာရပ်ကိုစတင်ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁ ဒသမ ၁၃ ရာခိုင်နှုန်း လာရောက်ဖြေဆိုသည်။
အဆိုပါစာစစ်ဌာန၊ နှစ်ခုတွင် အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဖြေဆိုရန်စာရင်းပေးထားသူကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁၃ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၂ ဦး၊ ပျက်ကွက် ကျောင်းသား ၄၁ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရ သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးတို့က ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေး စသည်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
စိုးသီဟ(အမရ)