ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၂,၁၁၇  ဦးဖြေဆို

ချမ်းအေးသာစံ မတ် ၁၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း  ၂,၁၁၇ ဦး  လာရောက်ဖြေဆိုသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း၌ စာစစ်ဌာန ငါးခုသတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၁၇၅ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂,၁၁၇ ဦး၊ ပျက်ကွက်ကျောင်းသား ၅၈ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)