ဒဂုံအရှေ့ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဦးထွန်းက နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စည်းလုံးညီညွတ်စွာ ကစားတတ်စေရန်ရည်ရွယ်၍ အားကစားပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိုက်ကွမ်ဒို အားကစားသမားများနှင့် မြန်မ့ာသိုင်းအဖွဲတို့မှ သရုပ်ပြသခဲ့ကြသည်။
နွေရာသီ အားကစားသင်တန်းများကို အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် လူငယ်များတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများက မတ်လ ၃၁ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ (ပြန်/ဆက်)