ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မတ် ၁၁

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ ထပ်ခါထပ်ခါဖြည့်သွင်းမှုမရှိစေရေးအတွက် ပဲခူးမြစ်လမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်နှင့် ရတနာလမ်းရှိ Max စက်သုံးဆီအရောင်းဆိုင်တို့တွင် ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

လတ်တလောဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာစွာ သုံးစွဲရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်၍ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချမှု ရှိ / မရှိ၊ စက်သုံးဆီရောက်ရှိမှု၊ ပြန်လည်ရောင်းချမှုနှင့်ကျန်ရှိမှုအခြေအနေများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ / မရှိ၊ စက်သုံးဆီပမာဏကန့်သတ်ရောင်းချမှု ရှိ / မရှိ၊ ဆီဆိုင်များတွင် ကားများတန်းစီ၍ ဝယ်ယူမှုအခြေအနေများနှင့် တရားမဝင်စက်သုံးဆီရောင်းချမှုမရှိစေရေး  ကွင်းဆင်းစစ်ဆေး၍ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)