ဒဂုံဆိပ်ကမ်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်ရုံ/ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းရှိ အမှတ် (၁၉၈/၁၉)၊ XIE HUI ( ဖိနပ်)စက်ရုံနှင့် ကျီစုစက်မှုဇုန်၊ အမှတ် (၁၇၅/B-2) ၊ ARAO Company Limited (အထည်ချုပ်)စက်ရုံတို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၏ လမ်းညွှန်မှုဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်ဝင်းဦးဆောင်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များက စက်ရုံ၊ အလုပ်ရုံများတွင် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ Emergency Exit Ways များဆောင်ရွက်ထားရှိမှု၊အထည်လိပ်များ၊ ကုန်ကြမ်း/ ကုန်ချောများ သိုလှောင်ထားရှိမှု၊ စက်ရုံအတွင်း လေဝင်/ လေထွက်ကောင်းမွန်စေရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီးပူခန်းအတွင်း မီးပူအသုံးပြုခြင်းစသည့် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)