ချမ်းအေးသာစံ မတ် ၁၁
ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ချမ်းအေးသာစံမြို့နယ်အတွင်းမှ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မဟာလောကရံသီအိမ်တော်ရာ စေတီတော်မြတ်ပရိဝုဏ်အတွင်းရှိ ၁၄ ခန်းဓမ္မဗိမာန်တော်ကြီး၌ မတ် ၁၀ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒကထာနှင့် ရေစက်ချတရားနာယူကြသည်။
ထို့နောက် ဓမ္မာစရိယ စာမေးပွဲအောင်ရှစ်ပါး၊ ပထမကြီးအောင်ခြောက်ပါး၊ ပထမလတ်အောင် ခြောက်ပါး၊ ပထမငယ်အောင် ၃၃ ပါး၊ အခြေပြုမူလတန်းအောင် ၇၆ ပါးစုစုပေါင်း စာအောင်သံဃာတော် ၁၂၉ ပါးတို့အား စာအောင်လက်မှတ်ဆက်ကပ်ခြင်း၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)