ဒဂုံဆိပ်ကမ်း မတ် ၁၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနှင့် IFRC (SEAP)တို့ ပူးပေါင်း၍ Samplifed Early Action Protocol (Heatwave) စီမံချက်အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အပူလှိုင်းအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ၁၁ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ဒေါ်မေမျိုးသူက Samplifed Early Action Protocol (Heatwave) စီမံချက်မှ ထောက်ပံ့မှုလုပ်ငန်းစဉ်များ၊ ကော်မတီဝင်များ၏ လုပ်ငန်း တာဝန်များအားရှင်းလင်းတင်ပြရာ အစည်းအဝေးသို့တက်ရောက်လာသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အဆင့် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းကော်မတီအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ပေးအပ်သော ကြက်ခြေနီနှင့် လုပ်ငန်းဆက်စပ်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်(၁)ဦး၊ မြို့မိ/မြို့ဖ ကိုယ်စားလှယ်(၁)ဦး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ ကိုယ်စားလှယ်(၁)ဦး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဌ(သို့) မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး တို့ဖြင့်ဖွဲ့စည်းခဲ့သည်။ ဆက်လက်၍ ရပ်ကွက်ကော်မတီဖွဲ့စည်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ကျေးရွာ/ရပ်ကွက်အတွင်း ဩဇာရှိသူ၊ သမာသမတ်ကျသူ၊ အများကရွေးချယ် တင်မြှောက်သူ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ပါဝင်စားသူ၊ အချိန်ပေးဆောင်ရွက်နိုင်သူများဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)