ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲအခမ်းအနားကို မတ် ၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဂုဏ်ပြုနှုတ် ခွန်းဆက်အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ ပြည်ထောင်စုယိမ်းအက၊ ဖုန်ဆားရ်က မနောမြေမှ တေးသံသာ သီချင်း၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဝမ့်ဝမ့်ဖန့်ဖန့် (Raise Again) ကချင်ရိုးရာအက၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကယားရိုးရာအက၊ စောစောခရမ်းက ဒုံးယမ်းညသီချင်း၊ စောဒယ်နီရယ်က တိုးရဲ့ကရင်မြေသီချင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကရင်ရိုးရာဒုံးအက၊ နော်အဲနီမိုးက ဖိတ်ခေါ်ပါရစေကရင်မြေသီချင်း၊ ချင်းစုံညီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ချင်းရိုးရာဖလမ်း (ခေါ်) အောင်ပွဲခံအက၊ ဗမာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဆောင်းလက်သံဖြင့် မင်္ဂလာဆုတောင်း သီချင်း၊ မင်္ဂလာပါမြန်မာသီချင်းဖြင့် အကနှင့် မလေးလက်ခတ်သံသီချင်းဖြင့် အက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ ဗမာရိုးရာဗျောအက၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်ရိုးရာ ဗျာလယိမ်းအက၊ ရဲထက်ပိုင်က အရိုးရှင်းဆုံး ဘဝသီချင်းနှင့် မင်းသိဖို့ကောင်းတယ်သီချင်း၊ မြိုစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မြိုသမီးပျိုအလှ ယိမ်းအက၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရှမ်းတိုးနယားနှင့် ကိန္နရီကိန္နရာအက၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မွန်ရိုးရာ ရွှေတိဂုံဘုရား ပူဇော်ယိမ်းအကနှင့် တက်ရောက်လာကြသော တိုင်းရင်းသား၊ တိုင်းရင်းသူများက ထာဝရသစ္စာ သီချင်းတို့ဖြင့် အသီးသီး ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)