မြဝတီ မတ် ၁၀
ကရင်ပြည်နယ် မြဝတီမြို့၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁)ခုဖြင့် ကျင်းပမည်ဖြစ်သည်။ အဆိုပါစာစစ်ဌာန(၁)ခုတွင် စာဖြေခန်း(၁၃)ခန်းပြင်ဆင်ထားရှိပြီး မြဝတီမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း (၇)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၂)ကျောင်း စုစုပေါင်း (၁၄)ကျောင်းမှ ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၃၃၁) ဦး၊ ပြင်ပဖြေ ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး စုစုပေါင်း စာရင်းရှိ ကျောင်းသား၊ကျောင်းသူ(၃၈၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမိုးကျော်ထံမှ သိရသည်။
မြဝတီ မြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းတွင်း/ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူအဆင့်ဆင့်တို့မှ ပူးပေါင်း၍ အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များကို ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးက မြဝတီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ပြည်နယ် မျှော်မှန်းအောင်ချက်ပြည့်မီရေးအတွက် စာသင်ကျောင်းအသီးသီးတွင် ညစာကြည့်စခန်းများ ဖွင့်လှစ်ထားရှိပြီး စာဖတ်ဝိုင်းများကို ည ၆ နာရီမှ ၁၁ နာရီအထိ စီစဉ်ထားကြောင်း၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များကိုလည်း စီစဉ်ထားကြောင်းနှင့် မြဝတီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက်သင်ခန်းစာများကို ဘားအံတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခများက လာရောက်ဆွေးနွေးပို့ချခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ကျွမ်းကျင်တက်မြောက်မှု ဆန်းစစ်ချက်အရ မြဝတီမြို့တွင် အောင်ချက် ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာရပ်အားနည်းသည့် ကျောင်းသားများအတွက် တွေးတောမှု၊ သင်ကြားမှု၊ မျှဝေခြင်းစနစ်ကို စီစဥ်ပေးခဲ့ကြောင်း၊ သွားလာရခက်ခဲပြီး ဝေးလံသည့်ကျောင်းများဖြစ်သည့် အ-ထ-က ရွှေကုက္ကိုလ်၊ အ-ထ-က (ခွဲ)မဲထော်သလေးကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူများကို အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် တည်းခိုရန် ပြင်ဆင်ထားရှိပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ အောင်ချက်မြင့်မားရေး၊ ပြည်နယ်မျှော်မှန်းအောင်ချက်ပြည့်မီရေးအတွက် ဘက်စုံ ပြင်ဆင်ဆောင်ရွက်ထားရှိသကဲ့သို့ အောင်ချက်ပြည့်မီ မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)