တောင်ကြီးမြို့တွင် အမှိုက်သိမ်းဆည်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး မတ် ၇

ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ အမှိုက်ကျင်းဟောင်းအား ပိတ်သိမ်း၍ ဖက်ကွန်ကျေးရွာအုပ်စုရှိ လင်းလေအမှိုက်ကျင်းသစ် အသုံးပြုနိုင်ရေးအတွက် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် တောင်ကြီးအီကို ပုဂ္ဂလိကအမှိုက်သိမ်းဆည်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ မတ်လ (၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန်ပြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။  

ထို့နောက် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်မှ ကံကြီးအမှိုက်ကျင်းဟောင်းအား ပိတ်သိမ်း၍ ဖက်ကွန်ကျေးရွာအုပ်စုရှိ လင်းလေအမှိုက်ကျင်းသစ်အား အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်မည့်အစီအမံများနှင့် ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တောင်ကြီးမြို့အတွင်း အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တောင်ကြီးအီကိုကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းအုန်းမြင့်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် တွေ့ကြုံရသည့်ကိစ္စရပ်များအား တင်ပြပြီး၊ တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အထွေထွေဆွေးနွေးတင်ပြကြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)