ထန်းတပင် မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအနေ့ အထိမ်းအမှတ်အဖြစ် စကားဝိုင်းဆွေးနွေးပွဲကို မတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communiyt Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက အမျိုးသမီးများတန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ကြပါစို့ခေါင်းစဉ်ဖြင့် အမျိုးသမီးများဘဝမြှင့်တင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်က ထူးချွန်ကျော်ကြား မြန်မာအမျိုးသမီးများ၏ လေ့လာအားကျအတုယူဖွယ်ရာ စွမ်းရည်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)