(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်

ဘားအံ မတ် ၇

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ၁၁၀ပေ x ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီး မြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးထားသော စာရေးခုံ၊ ကုလားထိုင်၊ ပရိဘောဂများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် နှစ်ထပ်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီး ပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း တပည့်များအပေါ် ရင်ဝယ်သား၊ သမီးကဲ့သို့ စိတ်ထားမွန်မြတ်စွာဖြင့် စေတနာအရင်းခံထားပြီး ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက် စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံမိဘပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)