ရွှေကူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေး

ရွှေကူ မတ် ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား မတ်လ (၇) ရက် နံနက် (၉) နာရီမှ စတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို သက်ဆိုင်ရာကျောင်းများအလိုက် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်နေ့မှ ၁၀ ရက် နေ့အထိ ဘာသာတွဲအလိုက် သတ်မှတ်ထားသည့်အရောင်များဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်း တစ်ခုခု ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ  ၁၇  ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွှေကူမြို့နယ်၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂၂) ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၅) ဦး၊ ကျောက်ကြီးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး၊ သရက်ကုန်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃) ဦး၊ ရွှေကူလေး အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး၊ “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၈) ဦး၊ “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၇၃) ဦး၊ ငါးအိုးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၃၁) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၅၈) ဦးတို့က ရွှေကူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)