သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

သန်လျင် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုသည့် ဉာဏစွမ်းရည်ဘာသာရပ်များ တတ်မြောက်စေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် (၁၀) နာရီက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် အခြေခံပန်းချီရေးဆွဲနည်းကို ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အင်္ဂလိပ်စာနည်းပြဆရာမ ဒေါ်ကြည်ကြည်နှင့် ပန်းချီနည်းပြဆရာ ဦးချစ်တဲ့မောင် (ရွှေမြို့တော် ပန်းချီသင်တန်းကျောင်း) တို့က သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်ကြမှာဖြစ်ပြီး သင်တန်းကို မတ်လ (၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ နည်းပြဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)