မချမ်းဘောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ဝင်ရောက်ဖြေဆိုမည်

မချမ်းဘော မတ် ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စာစစ်ဌာနကို အထကမချမ်းဘော ကျောင်းတစ်ခုသာထားရှိပြီး အတွင်းဖြေ/ ပြင်ပဖြေဆိုသူ STEAMS-1 တွင် (၄) ဦး၊ STEAMS-2 တွင် (၅) ဦး၊ STEAMS တွင် ၄၁ ဦး (အတွင်းဖြေဆိုသူ ၄၇ ဦး၊ ပြင်ပဖြေဆိုသူ ၃ ဦး စုစုပေါင်း ၅၀ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုလည်း မြို့နယ်ပညာရေးမှူးရုံး၌ သက်ဆိုင်ရာကျောင်းများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက ကျောင်းတွင်း ကျောင်းပြင်လုံခြုံမှုရှိစေရေးနှင့် စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယောရွှေနီ(မချမ်းဘော)