ထားဝယ် မတ် ၃
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖေါ် ဆောင် ရွက်လျက်ရှိသလို နိုင်ငံတော်က ချမှတ်ပေးထားသည့် အားကစားနှင့်ကာယပညာဆိုင်ရာ မူဝါဒများနှင့်အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားမျိုးဆက်သစ်များ စဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့်ပေးခြင်းသည်လည်း လုပ်ငန်းတစ်ရပ်အနေဖြင့်ပါဝင်လျက်ရှိကြောင်း၊ ဒေသတစ်ခု၏ အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက်အခြေခံကျသော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး သည်အရေးပါလှကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းဆင်းသွားပြီးပါက သင်ကြားပေးလိုက်သော အားကစားနည်းစနစ်များကို မေ့ပျောက်မသွား စေရန်ဆက်လက်လေ့ကျင့် ကစားနေကြရန် လိုအပ်ကြောင်း၊ “လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်ဆိုသည့်ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး အမြဲမပြတ် ကြိုးပမ်း လုပ်ဆောင်နေကြ ရန်လိုအပ် ကြောင်း၊ တိုင်းဒေသကြီးအတွင်းကျင်းပမည့် ကျောင်းသားအားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ထူးချွန်သော အားကစားသမားများ ဖြစ်လာနိုင်ကြောင်း၊သင်တန်းသားများအနေဖြင့် မိမိ၏အားကစားနည်းများကို တိုးတက်လာအောင်ဆက်လက်လေ့ကျင့် အားထုတ်သွားကြရန်၊ နည်းပြဆရာများအနေဖြင့်လည်း သင်တန်းသားများကို အဆင့်မြင့်အားကစားနည်းများ တတ်ကျွမ်းလာအောင် ဆက်လက်သင်ကြားပေးကြရန် လိုအပ်ကြောင်း၊ အားကစားလောကဖွံ့ဖြိုးတိုးတက်လာ အောင် အားကစားသမားကောင်းတစ်ဦးမှာ မရှိမဖြစ် လိုအပ်သောစိတ်ဓါတ်ကောင်းမွန်မှု ၊စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုဆိုသည့်အချက် (၅) ချက်နှင့်ပြည့်စုံအောင် မိမိကိုယ်မိမိအမြဲမပြတ် လေ့ကျင့်ပျိုးထောင် သွားကြရန်လိုအပ်ကြောင်းပြောကြား သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးကာ သင်တန်းသားများက တန်းဖြုတ်ပြီးနောက် သင်တန်းဆင်းအားကစားအဖွဲ့များက မြန်မာ့သိုင်း၊ ဂျူဒို၊ လက်ဝှေ့၊ ခရစ်ကတ်၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ Fitness Dance၊ ဘင်ခရာစသည့် တို့၏သရုပ်ပြသမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)