ပုဂံ မတ် ၃
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် ပြခန်း(၁၀)ခန်း အနက် အထူးပင်မပြခန်းရှိ ဗုဒ္ဓဝင်ရှစ်ခန်းတွင် သဲကျောက်သားဖြင့် ထုဆစ်ပုံဖော်ထားသော ဗောဓိပင်ရင်း၌ ဘုရားပွင့်တော်မူခန်းရုပ်ကြွကို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ တာဝန်ရှိသူများထံကသိရသည်။
ဘုရားပွင့်တော်မူခန်းရုပ်ကြွကို သဲကျောက်တစ်တုံးတည်းဖြင့် ထုဆစ်ထားသော အေဒီ ၁၁ ရာစု လက်ရာဖြစ်ပြီး မြင်းကပါနဂါးရုံဘုရားမှရရှိသည်။ ဘုရားရှင်သည် ကြာမှောက်၊ ကြာလှန် ပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေထိုင်လျက် လက်ယာလက်မှ ဘူမိဖဿမုဒြာဟန်ဖြစ်ပြီး အေဒီ ၁၁ ရာစု၏ ထူးခြားသည့် လက္ခဏာတော်များဖြစ်သည့် ပုတီးစေ့ပုံဆံတော်ပါရှိခြင်း၊ မှန်ကင်းတော်ပါရှိခြင်း၊ ဥုံဏှလုံခေါ် မွေရှင်တော်ပါရှိခြင်း၊ ကွေးနေသောမျက်ခုံးတော်၊ ချွန်သောနှာခေါင်းတော်၊ လည်ရေးသုံးရစ်ပါရှိခြင်း၊ ကျယ်ပြန့်သောရင်အုပ်တော်၊သေးသွယ်သောခါးတော်၊ ပါးလွှာသော သင်္ကန်းတော်၊လက်ချောင်းတော်၊ခြေချောင်းတော်များသည် သာမန်လူသားကဲ့သို့ အတိုအရှည်မညီခြင်း၊ လမ်ဘောဒခေါ် ဗိုက်သားတော်ပါရှိခြင်းစသည့်လက္ခဏာများဖြင့် အနုစိတ်ထုဆစ်ထားသည်ကို တွေ့ရှိရသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိခဲ့ပါက ဗောဓိပင်ရင်း၌ ဘုရားပွင့်တော်မူခန်းကို ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း