ညောင်ဦးအကျဉ်းထောင်မှအကျဉ်းသား/အကျဉ်းသူ (၇၁) ဦး လွတ်ငြိမ်းခွင့်ရရှိ

ညောင်ဦး မတ် ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူများအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူ (၇၁) ဦးအား လွတ်ပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီခွဲက ညောင်ဦး အကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်သည်။

 အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုးက အမှာ စကားပြောကြားသည်။ ထို့နောက် ညောင်ဦးအကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်၊ စားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်သည်။

အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား ၅၂ ဦး၊ အကျဉ်းသူ ၁၉ ဦး စုစုပေါင်း ၇၁ ဦး လွတ်ငြိမ်းခွင့်ရခဲ့ကြောင်းသိရသည်။

ဒီပါလင်း