တပေါင်းလပြည့်နေ့ သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲ‌တော် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

ပုသိမ်ကြီး မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင် မတ် ၂ ရက် တပေါင်းလပြည့်နေ့ သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲ‌တော်ကြီး၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားကြောင်း သိရသည်။

အဆိုပါ (၇၈)ကြိမ်မြောက်ဘုရားပွဲတော်ကြီးသည် တပေါင်းလ‌‌ပြည့်‌နေ့မှ တပေါင်းပြည့်ကျော် ၉ ရက်နေ့ထိ ပွဲတော်ကာလသတ်မှတ် ကျင်းပထားသော်လည်း၊ ယခုနှစ် ရွှေစာရံဘုရားပွဲ၏ ထူးခြားချက်မှာ တပေါင်းလဆန်း ၁ ရက်မှစတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း အဆိုပါဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော်ထံမှ သိရသည်။

အံ့ဖွယ်ကိုးပါးဖြင့် ပြည့်စုံတော်မူသည့် ရွှေစာရံဘုရားပွဲတော်ကြီးတွင် ထန်းရွက်ပုတီး၊ ထန်းရွက်ငါးအပြင် လက်မှုပညာများဖြင့် ပြုလုပ်ထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ ဗမာမုန့်အမျိုးမျိုး၊ ရှမ်းပြည်နယ်ထွက် အစားအစာများနှင့် အဝတ်အထည်များ၊ စသည်တို့စုံလင်စွာ ရောင်းချလျက်ရှိပြီး၊ ဇာတ်သဘင်ပွဲများပါဝင်ကာ ဒုဋ္ဌဝတီမြစ်အတွင်း ရေကစားနိုင်သလို၊ အပျော်တမ်းစက်လှေစီးခြင်း၊ ဆင်စီးခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်