မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ (၂၀) ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ

မိုးညှင်း မတ် ၂

၂၀၂၆ ခုနှစ် မတ်လ (၂)ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၆/၂၀၂၆)နှင့် (၈/၂၀၂၆)အရ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသား၊ အကျဉ်းသူများကို မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးသန့်ဇင်ဝင်းနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အေးချမ်းစွာ ဆက်လက်နေထိုင်ကြစေရေး စသည်တို့ကို ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသား (၁၆)ဦးနှင့် အကျဉ်းသူ (၄)ဦး၊ စုစုပေါင်း (၂၀)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်ပေးအပ်ခြင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ခရီးစရိတ်နှင့် စားစရိတ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ပြီးနောက် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း