ထားဝယ်မြို့၌ တပေါင်းလပြည့်နေ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ

ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၇ခုနှစ်၊ တပေါင်းလပြည့်နေ့၊  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တက်ရောက်လာသောဧည့်သည်တော်များ က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (အဖွဲ့ဝင်)၊ ထားဝယ်မြို့၊ ရှင်မုတ္ထီးတိုက်ကျောင်းပဓာနနာယက (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဣန္ဒဝံသ ဆရာတော်ကြီးထံမှငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက်သံဃာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ ကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက(၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(၂)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယ(၁)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ(၁)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ (၃) ပါး၊ သဒ္ဓမ္မဇောတိကဓဇ(၄)ပါး၊ သုဓမ္မသိင်္ဂီ (၁)ဦး စုစုပေါင်းဆရာတော်ကြီး (၁၂)ပါး နှင့် လူပုဂ္ဂိုလ် (၁)ဦး တို့ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများက သံဃာတော်များနှင့်သီလရှင်များအား လှူဖွယ်ပစ္စည်းများ  လှူဒါန်းသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့)ဂိုဏ်းဥက္ကဋ္ဌ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ရေစက်သွန်း လောင်း အမျှပေးဝေခဲ့ကြသည်။

 

ယင်းနောက် သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန် တော်များလောင်းလှူကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)