တွံတေးမြို့နယ်ရှိ တွံတေးအကျဥ်းစခန်းနှစ်ခုမှ အကျဥ်းသား(၅၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

တွံတေး မတ် ၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ် ၁၃၈၇ ခုနှစ်တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ၂ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့် ရွှေသူဋ္ဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတို့မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အကျဥ်းသား(၅၂)ဦးကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစခန်းများတွင် လွတ်ငြိမ်းခွင့်ပြုသည်။

ရွှေသူဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား(၂၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စောလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမျိုးသန့်ကြူ၊ တွံတေးမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းစိုးနှင့် အကျဉ်းသား (၂၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။

အလားတူ တောကြီးတန်းစခန်းတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရအကျဉ်းသား(၂၈)ဦးအား လွတ်ငြိမ်းခွင့်ပြုသည့် အခမ်းအနားအားကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးဦး၊ ဦးစီးအရာရှိဦးဌေး‌မောင်မောင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများမှ အကျဉ်းသားများအား လွတ်လက်မှတ်၊ ထောင်ပုံစံ (၆၆)များ၊ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်များ၊ ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားရှင် ခံစားခွင့်များအားထုတ်ပေးသည်။ တွံတေးမြို့နယ်အတွင်းရှိ တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းမှ အကျဉ်းသား(၂၈)ဦး ၊ ရွှေသူဌေး စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်းမှ အကျဉ်းသား(၂၄)ဦး ၊ပေါင်း(၅၂)ဦးတို့အား လွတ်ငြိမ်းခွင့်ပြုပေးခဲ့ပြီး ၎င်း(၅၂)ဦးအား မွန်းတည့်(၁၂) နာရီတွင် ၎င်းတို့၏နေရပ်သို့ ပြန်လည်စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်- တွံတေး