ကျွန်းစု မတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျက်သရေဆောင် တိလောကမာရဇိန် လျောင်းတော်မူဘုရားကြီး ဌာပနာပိတ်ပွဲ နှင့် (၂၆) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ပိတ်ပွဲကို မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က မြို့ဦးသံသရာအေးစေတီတော်၊ မြန်မာအေး ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဦးစွာ အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ) မှဦးဆောင်၍ ဌာပနာပိတ်ခြင်းကို အစီအစဉ်တကျဆောင်ရွက်ခဲ့ကြပြီး ဆရာတော်သံဃာတော်များနှင့် အလှူရှင်များက ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ဆောင်ရွက်သည်။
တိလောကမာရဇိန်ဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၄ ပေ ၆ လက်မ၊ အလျား ၄၅ ပေ ၆ လက်မ၊ ပလ္လင် အမြင့် ၇ ပေ ရှိပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ဘုရားတကာကြီး ဦးသန်းကြွယ်ကစတင်၍ မတည်အုတ်မြစ်ချခဲ့ပြီး ကျေးရွာအသီးသီးမှ အလှူရှင်များစုပေါင်း၍ တည်ထားကိုးကွယ်သည်။
ထို့နောက် သံဃာတော် ၃၈ ပါး၊ ရှင်သာမဏေ ၁၂ ပါး၊ သီလရှင် ၄ ပါး၊ စုစုပေါင်း ၅၄ ပါးတို့အား တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင်နှင့် အရာရှိ/စစ်သည် မိသားစုဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကျွန်းစုမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့မှ အလှူရှင်များက ဆွမ်းခြောက်လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ တရားနာပရိတ်သတ်များက ဩကာသကန်တော့ချိုးဖြင့် ညီညာစွာကန်တော့ခဲ့ကြပြီး အောင်တော်မူသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ) ထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် သံဃာတော် အရှင်သူမြတ်များအား ဆက်ကပ်လှူဒါန်း၍ နေ့လယ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာသည့် တရားနာပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)