မြိတ် မတ် ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ၂ဝ၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် ကြီးကြပ်မယ့်သူများနှင့် စာဖြေကြမည့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်သိရှိပြီး လုပ်ငန်းဆောင်ရွက်သည့် အခါတွင် အဆင်ပြေ ချောမွေ့အောင် မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးအဖြစ်ဆောင်ရွက်ကြမည့် ဆရာ/ဆရာမ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သိန်းဆင့်က တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာများကို ကဏ္ဍအလိုက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းယန်အေးက တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ ကြီးကြပ်ခ ချီးမြှင့်ငွေ ထုတ်ပေးခြင်းဆိုင်ရာအချက်များ ဆွေးနွေး ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ မြိတ်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခုနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၁)ခု စုစုပေါင်း စာစစ်ဌာန(၇)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)