ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း(၄၂)ဦး လွှတ်ပေး

မြိတ်   မတ်   ၂

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၈/၂၀၂၆)ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/အကျဉ်းသူ(၄၂) ဦးအား ယနေ့ လွှတ်ပေးသည်။

ထို့သို့လွှတ်ပေးရာတွင် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူများ  (၄၂)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးရာတွင် မြိတ်အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား(၁၃)ဦးနှင့် အကျဉ်းသူ(၁၆)ဦးတို့အား ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူတို့မှ ဆုံးမစကားများပြောကြားပြီး ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ မွန်းတည့်(၁၂)နာရီတွင် လွှတ်ပေးသည်။

ထို့အတူ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ  ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား(၁၃)ဦးကိုလည်း အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများ က ဆုံးမစကားများ ပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့် များပေး၍ နံနက်ပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )