သရက်ချောင်း မတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် အများပြည်သူများစုပေါင်းလှူဒါန်းထားသော မြို့ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးစေတီလှိုဏ်ဂူတော်ဘုရားအားလှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ ရတနာအောင်သိဒ္ဓိမြို့ဦးစေတီတော်မြတ်ကြီးရင်ပြင်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့သရေဆောင်ရတနာအောင်သိဒ္ဓိမြို့ဦးစေတီလှိုဏ်ဂူတော်ဘုရားအား စုပေါင်းလှူဒါန်းထားသော ပြည်သူများနှင့် တရားနာဧည့်ပရိတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခြင်း၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥူးအာစရထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒကထာခံယူခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားရုတ်သိမ်းလိုက်သည်။
ထို့နောက် မြို့သရေဆောင်ရတနာအောင်သိဒ္ဓိမြို့ဦးစေတီလှိုင်ဂူတော်ဘုရား၌ လှူဒါန်းမှုစုစုတို့အား ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားအား လာရောက်ကြသော တရားနာဧည့်ပရိတ်သတ်များနှင့် နယ်နယ်ရပ်ရပ်မှ ဘုရားဖူးဧည့်သည်များအား အာယာရဒါနများဖြင့်လည်း တည်ခင်းဧည့်ခံကျွေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင် (ပြန်/ဆက်)