ကျောက်ဆည် မတ် ၂
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်တန်ခိုးကြီးဘုရားကြီးတွင် တပေါင်းလပြည့်နေ့၌ ရပ်နီး/ရပ်ဝေးမှ ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ နေ့စဉ်ဘုရားဖူပြည်သူများနှင့် အမြဲစည်ကားလျက်ရှိပြီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် နေ့ကြီး၊ ရက်ကြီးများတွင်လည်း ပို၍စည်ကားကြောင်း၊ ဘုရားဖူးလာသည့်ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရာဖူးနိုင်ရေး ဂေါပကအဖွဲ့မှ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများရပ်နားရန်အတွက် ယာဉ်ရပ်နားကွင်းများ သီးသန့်ဆောင်ရွက်ပေးထားပြီး အမှတ်တရပစ္စည်းရောင်းချသည့် ဈေးဆိုင်ခန်းများလည်း စနစ်တကျဆောင်ရွက်ပေးထားကြောင်းနှင့် ဘုရားဖူးပြည်သူများ၏ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး လုံခြုံရေးဝန်ထမ်းများထားရှိပေးထားကြောင်း ဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် ဦးချစ်ညွှန့်က ပြောကြားခဲ့သည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကို သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန္တာကြီး ကိုယ်တိုင်သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် တန်ခိုးကြီးဘုရား တစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဋ္ဌာန်ပြုဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ တစ်နေ့တစ်ခြား စည်ကားလာကြောင်း၊ မဟာရွှေသိမ်တော်ဘုရားကြီးသို့ ပြည်သူများ လာရောက်ဖူးမျှော်လိုပါ အဆိုပါ ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက်တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာတွင် တည်ရှိကြောင်း သိရှိသည်။
သက်မောင်(ကျောက်ဆည်)