တနိုင်း မတ်လ ၂
တနိုင်းမြို့နယ်တွင် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီတွင် ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ ပေးပို့သော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အထမ်းအမှတ်သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းက ဖတ်ကြားပြီး ထူးချွန်တောင်သူလယ်သမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီထွေးမှ စိုက်ပျိုးရေး စက်ကိရိယာ Drum Seeder များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနိုင်းမြို့နယ် စိုင်းစိုင်းစိုက်ပျိုးရေးဆိုင် ဦးစောလင်းထွန်းမှ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်အတွက် ပိုးသတ်ဆေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တနိုင်းမြို့နယ် ပြည်လုံးလျှံဓာတ်မြေသြဇာနှင့် မျိုးဆေ့ဖြန့်ဖြူးရေးဆိုင် ဦးလွမ်းခေါန်မှ ဓာတ်မြေသြဇာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍရေးနှစ်တွင် တနိုင်းမြို့နယ် ဒူကောင်းရပ်ကွက်နှင့် ကောင်ရာကျေးရွာအုပ်စုတို့မှ တောင်သူ ဦးဒီးယဲဆာနှင့် ဦးတူးရှန်းအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့် ခရိုင်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းလင်းတို့မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ-၇ လက်မှတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့များ၊ ဌာနဆိုင်အကြီးအကဲများ၊ တောင်သူလယ်သမားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မြေတိုင်းစက်ကိရိယာပစ္စည်းများ၊ မြေစာရင်းဦးစီးဌာနမှ အသုံးပြုသည့် ပုံစံများ၊ စံကွက်ရိတ်သိမ်းရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဓိကသီးနှံ (၁၃) မျိုး စိုက်၊ ရိတ်၊ နှုန်း၊ ထွက်များအား လှည့်လည်ကြည့်ရှုပြီး အခမ်းနားရုပ်သိမ်းကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)