ညောင်ဦး မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် အထင်ကရဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မတ်လ ၂ ရက်(တပေါင်းလပြည့်)နံနက် ၇ နာရီအချိန်တွင် ဘုရားကြီးရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်ရေစက်ချတရားနှင့် ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပခဲ့ကြောင်း ရွှေဆံတော်ဘုရားဘဏ္ဍာတော်ထိန်းဂေါပက ဦးဌေးဝင်းထံက သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရွှေဆံတော်ဘုရားကြီး ဩဝါဒစရိယ ဇေတဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာဒိစ္စ အရှင်သူမြတ်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံက မေတ္တာသုတ်ပရိတ် တရားတော်နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ လာရောက်သည့် ဧည့်ပရိသတ်များက လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရွှေဆံတော်ဘုရားကြီး ဩဝါဒစရိယ ဇေတဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာဒိစ္စ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်ချ အမျှပေးဝေကြသည်။ ပြီးနောက် ပင့်သံဃာအရှင်သူမြတ်များအား မြန်မာပြည် အရပ်ရပ်က လှူဒါန်းထားကြသည့် ဆွမ်းသပိတ်လုံးများ လောင်လှူခဲ့ကြောင်း သိရသည်။ ရွှေဆံတော်စေတီတော်ကြီးသည် ဂေါပကဥက္ကဋ္ဌထားရှိသည့် ဘုရား (၁၈)ဆူတွင်ပါဝင်ပြီး၊နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေဆံတော်စေတီတော် မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း ပင့်သံဃာတော် (၅၅) ပါးပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံး လောင်းလှူ ပူဇော်ခြင်းနှင့်ပရိတ်တရားတော်နာယူ၊ ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်းများဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။ရွှေဆံတော်စေတီ တော်မြတ်ကြီးကို အေဒီ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်း အထင်ကရဘုရားတစ်ဆူဖြစ်ကြောင်းလည်း သိရသည်။
ဒီပါလင်း