မိုးညှင်း မတ် ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိုးညှင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ(Smart Village)သို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်းရှိ သီရိရတနာခန်းမဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးကျင်းပသည့် မူးယစ်ဆေးဝါးပပျောက်ရေးအထောက်အကူပြု အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးတိရစ္ဆာန်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာခင်ဇော်က မူးယစ်ဆေးဝါးပပျောက်ရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးတိရစ္ဆာန်များ အခမဲ့ထောက်ပံ့ပေးအပ်သွားမည့်အစီအစဉ်များ၊ မွေးမြူရေးတိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့် စနစ်တကျ ခြံလှောင်စနစ်ဖြင့်မွေးမြူနိုင်ရေး အသိပညာပေးဟောပြောဆွေးနွေးပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ တပ်နယ်မှူး၊ ပြည်နယ်ဦးစီးမှူးနှင့် မြို့မိမြို့ဖ တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာအစီအစဉ်ဖြင့် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာအတွင်းရှိ တောင်သူများအတွက် တစ်အိမ်ထောင်လျှင် ၁၀ ကောင်နှုန်းဖြင့် အိမ်ထောင်စု ၅၀ တို့အတွက် စုစုပေါင်းဒေသ ကြက်ကောင်ရေ ၅၀၀နှင့် မြို့မရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅၀ တို့အတွက် ဒေသဝက်ကောင်ရေ ၅၀ တို့အား လည်းကောင်း၊ ဝက်စာနှင့် ကြက်စာအိတ်များ၊ မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို လည်းကောင်း၊ ကျေးရွာရှိ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးတောင်သူများအား နှစ်စဉ်ပြည်နယ်ရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးအစားထိုး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာနှင့် မြို့မရပ်ကွက်တို့အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ဒေသတွင်းအသားစားသုံးမှုဖူလုံစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် စီးပွားဖြစ် မွေးမြူလုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းမြို့နယ် နားခါရပ်ကွက်အတွင်းရှိ ထီးလင်းကျောင်းတိုက်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှ ဝန်ထမ်းများ၊ ဒေသခံအိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ယခုလို ယာယီတိမ်းရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှုပေးခြင်းကို ကျေးဇူးတင်ကြောင်း လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေထိုင်လျက် ရှိသော အိမ်ထောင်စု (၉၀)၊ လူဦးရေ (၃၀၀)ကျော်တို့အတွက် ဆန် ၅ အိတ်၊ ဆီ ၂ ပုံးနှင့် နဝကမအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် နေရပ်ကိုစွန့်ခွာလာခဲ့ကြသော်လည်း စိတ်ပျက်အားငယ်မှုမရှိဘဲ မိသားစုများနှင့်အတူ စိတ်ကျန်းမာပျော်ရွှင်စွာနေထိုင်ကြရန် တိုက်တွန်းလိုပါကြောင်း အားပေးမှာကြားခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေး ဆရာ၊ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံထောက်ပံ့ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ထိုသို့တွေ့ဆုံအားပေး ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က Grade-12 စာမေးပွဲတွင် မိုးညှင်းမြို့နယ်၏ အောင်ချက်သည် ခရိုင်၏အောင်ချက်အတွက် အရေးပါသကဲ့သို့ ပြည်နယ်၏ အောင်ချက်မြင့်မားရေးကိုအတွက်လည်း အရေးကြီးပါကြောင်း၊ ယခုနှစ်တွင် မိုးညှင်းမြို့နယ် စာစစ်ဌာန ၃ ခုတွင် ဖြေဆိုမည့်ဦးရေ ၂၂၉၅ ဦးနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် စာစစ်ဌာန ၁ ခုတွင် ၉၃ ဦးက ဖြေဆိုသွားမည်ဖြစ်သည့်အတွက် ဂုဏ်ထူးများများရရှိအောင် အထူးသဖြင့် ၆ ဘာသာဂုဏ်ထူးရှင်များ ပေါ်ထွက်လာစေရန် သင်ကြားရေး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကြိုးစားအားထုတ်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး Grade-12 ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ တပ်နယ်မှူးက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သည့် ဆန်အိတ်များနှင့် ဆီဘူးများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ တာဝန်ခံခရိုင်ပညာရေးမှူး ဦးတိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အတွင်း စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်တင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်ကြိုးစားဆောင်ရွက်ကြရေးမှာကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့မရပ်ကွက်အတွင်းရှိ ဗုဒ္ဓပိယကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ကျောင်းတိုက်အတွက် နဝကမ အလှူငွေနှင့်ကျောင်းတိုက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် အိမ်ထောင်စုများအတွက် ဆန်အိတ် ၅ အိတ်နှင့် ဆီ ၂ ပုံးကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက နဝကမအလှူငွေများကိုလှူဒါန်းခဲ့ကြရာ လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချအမျှပေးဝေပြီး ပြည်နယ်ဝန်ကြီးချုပ်ကယာယီတိမ်းရှောင်မိသားစုများအား အားပေး စကားပြောကြားခဲ့သည်။
အလားတူ မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာအတွင်းရှိ ဓမ္မဥယျာဉ်ကျောင်းတိုက်သို့ ဆက်လက်သွား ရောက်ပြီး ဆရာတော်အားဖူးမျှော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ နဝကမအလှူငွေနှင့် ကျောင်းတိုက်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ကသာမြို့နယ်မှဝန်ထမ်းများနှင့် အိမ်ထောင်စု ၇၀ ကျော်တို့အတွက် ဆန်အိတ်နှင့် ဆီပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက နဝကမအလှူငွေများကို လှူဒါန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်