ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်၊ ဟိုပင်နယ်‌မြေမီးသတ်စခန်း အဆောက်အအုံသစ်ဖွင့်လှစ်ပေး၊ ခရိုင်အတွင်းရှိ တောင်သူများ၊ မိုးညှင်းတက္ကသိုလ် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ နေရပ်စွန့်ခွာမိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုးညှင်း ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ ဟိုပင်မြို့သို့‌ရောက်ရှိပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက ဟိုပင်မြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးထားခဲ့သည့် နယ်မြေမီးသတ်စခန်း ၅၀ ပေ× ၄၅ ပေ ×၂၂ ပေရှိ RC ၂ ထပ်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်၍ နယ်မြေမီးသတ်စခန်းအဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေမီးသတ်စခန်းဖွင့်ပွဲအထိမ်းအမှတ် ဟိုပင်မြို့ရှိ လူမှုပရဟိတကူညီရေးအသင်းအဖွဲ့ ၅ ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွာသစ်ကြီး ဘင်ခရာအဖွဲ့အတွက် လိုအပ်သည့် ငွေကျပ် ၁၆သိန်းနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီကြသည့် ရှမ်းနှင့်ကချင် ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးကျေးရွာအုပ်စု၊ အာလံဘိုအနောက်ကွင်း၊ ကွင်းအမှတ် ၂၃၉ ရှိ ဆောင်သီးထပ်လယ်သီးနှံ ပဲပုတ်စိုက်ကွင်းအတွင်း တောင်သူများနှင့်တွေ့ဆုံပြီး မိုးညှင်းခရိုင်သည် ‌ပြည်နယ်၏ ဆန်အိုးသဖွယ် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ကြပါကြောင်း၊ တောင်သူများအနေဖြင့် ဆန်စပါးရိတ်သိမ်းအပြီး လယ်သီးထပ်အဖြစ် ဆီထွက်သီးနှံစိုက်ပျိုးကြသည်ကို အားရကျေနပ်ဖွယ် တွေ့ရှိရပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့‌အနေဖြင့် ပြည်နယ်၏ စားသုံးဆီဖူလုံရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တောင်သူများ၏ စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များအပြင် သွင်းအားစုများပံ့ပိုးပေးခြင်း၊ သီးထပ်စိုက်လယ်ဧရိယာများအား ခြံဝင်းခတ်ပေးခြင်းကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ရည်မှန်းချက် ပြည့်မီစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းအတွင်းရှိ သီးထပ်စိုက်တောင်သူများအတွက် ရွက်ဖျန်းမြေဩဇာအိတ်များနှင့် စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေးအမှာစကားပြောကြားခဲ့ပြီး တောင်သူများနှင့်အတူ ကွင်းအတွင်းရှိ တောင်သူဒေါ်ကြင်ပေါင်း၏လယ်၌ ဆီထွက်သီးနှံပဲပုတ်ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ရောက်ရှိပြီး နန့်ရင်းရိပ်သာ၌ ဂျိမ်းဖောရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာအတီးအမှုတ်အကများဖြင့် လှိုက်လှဲရင်းနှီးနွေးထွေးစွာကြိုဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ် ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မိုးညှင်းတက္ကသိုလ်သို့သွားရောက်ပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ် ဒုတိယပါမောက္ခချုပ်များနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများ စုစုပေါင်း ၃၀၀ ကျော်တို့နှင့် သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ခေတ် လူ့စွမ်းအားအရင်းအမြစ်များအား ပညာရည်ပြည့်ဝပြီး နိုင်ငံတော်နှင့် ပြည်နယ်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ IT ခေတ်တွင် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုသင်ကြားသင်ယူ‌နေကြပြီဖြစ်သည့်အတွက် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ်လိုအပ်သည်ကို အးလုံးက လက်ခံနားလည်သိရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်သူများထံ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပြည်နယ်၏ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးကို မိမိတို့အားလုံး လိုလိုလားလားလက်ခံကြမည်ဟု ယုံကြည့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်သင်ကြားရေးဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၂၅သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မိုးညှင်းခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ နယ်မြေအခြေအနေအရ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှ မိုးညှင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးနေအိမ်များတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အိမ်ထောင်စုများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအနေဖြင့် နယ်မြေအခြေအနေအရ နေရပ်ကျေးရွာများအား စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း မိမိတို့ကိုယ်ကို စိတ်ပျက်အားငယ်ခြင်းမရှိစေဘဲ မိသားစုနှင့်အတူတကွ ပျော်ရွှင်စွာ‌နေထိုင်ကြရန် အားပေးလိုပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီတိမ်းရှောင်စခန်းများအားလုံးရှိ အိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးလျက်ရှိသည့်အပြင် ဆက်လက်၍လည်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ နေရပ်ပြန်နိုင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းဆု‌တောင်း၍ ကြိုးစားကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဇနီး၊ မိုးညှင်းတပ်နယ်မှူး၊ ဗိုလ်မှူးချုပ်ဝသုန်စိုးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စု ၅၂၅စုတို့အတွက် ဆန်(၂၄)ပြည်ပါအိတ် (၅၂၅)အိတ်၊ ဆီ (၅၂၅)ပိဿာ၊ ကြက်ဥ (၅၂၅၀)လုံး၊ ခြုံစောင်အထည် (၃၀)၊ ဂွမ်းစောင်အိတ်ရာခင်း (၁၀)ထည်၊ မိသားစုနွေးထွေးအိတ် (၁၅)အိတ်၊ လွယ်အိတ်များ၊ ဖိနပ်များ၊ MRTV DTH စလောင်းနှင့် DVB T-2 Set Top Box (၁၀)စုံနှင့် ၈ ပေ၊ ၄ ပေ ဆိုလာပြား ၁၀ ချပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ နေရပ်စွန့်ခွာမိသားစုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေးအမှာစကားပြောကြားကာ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)