ထားဝယ်မြို့၌ ဥပဒေပညာဌာန၏ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၂၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာန၏ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်တက္ကသိုလ်၊ ပညာရိပ်သာ၊ Community Centerခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်းအခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ထားဝယ် တက္ကသိုလ်တွင် ဥပဒေဘာသာရပ်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူထားသည့် ဥပဒေပညာရပ်ဖြင့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုနိုင်သည့် ဥပဒေ ပညာရှင်များဖြစ်လာကြစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သရုပ်ပြတရားရုံးဖြင့်အမှုများ စစ်ဆေးစီရင်ခြင်းအတွေ့အကြုံများမှတစ်ဆင့် နိုင်ငံတော်၏ အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သော တရားဥပဒေ စိုးမိုးရေးနှင့်တရားမျှတမှု ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သင်ယူနေသည့် ဥပဒေဘာသာရပ်အပေါ် တန်ဖိုးထားလေ့လာဆည်းပူးသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက်ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးက အမှုစစ်ဆေးခြင်း အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးနေခြင်းကို  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကာ ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာ ဥမ္မာလင်းက ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဥပဒေပညာနှင့် ဘာသာရပ်များမှ ဌာနမှူးနှင့်တစ်ကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်