တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁/ ၂၀၂၆) ကို ယနေ့ နံနက် ၁၀  နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ‌ကော်မတီများအနေဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ ရှိပါက ဆွေးနွေးတင်ပြပေးကြရန် လိုအပ်ကြောင်း၊  တိုင်းဒေသကြီး အနေဖြင့်ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊  ဟိုတယ်လုပ်ငန်း သက်တမ်းတိုးမည့် ကိစ္စရပ်များ၊ အသစ်ဆောက်လုပ်သည့် ဟိုတယ်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင်၊ ခရီးသွားဧည့်လမ်းညွှန်၊ ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင် အပါအဝင် လုပ်ငန်းလိုင်စင်အသစ်များကို အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ပိုင်ရှင်၊ ခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင်များအနေဖြင့်လည်း မိမိ၏လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိနေပြီးဖြစ်သည့်အတွက် ခရီးသွားများ ဝင်ရောက်လာနေပြီးဖြစ်သောကြောင့် မိမိတို့၏လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီးတိုင်းဒေသကြီးတွင်ရှိသော  နိုင်ငံခြားခရီးသွားများ၏ သွားလာလည်ပတ်မှုအခြေအနေ အပေါ် မူတည်ပြီး ယခုထက်ပို၍ကြီးပွားတိုးတက်အောင်ဆောင်ရွက်လာနိုင်မည့် ဖြစ်သဖြင့် မိမိတို့၏ ဟိုတယ်လုပ်ငန်းများ  ဝန်ဆောင်မှုအပေါ်မူတည်ကြောင်း၊ ဟိုတယ်လုပ်ငန်းခရီးသွားသည် ဟိုတယ်တစ်ခုမဟုတ်ပဲ ခရီးသွားနှင့်တည်းခိုလုပ်ငန်း အပါအဝင် စားသောက်ဆိုင်ပါ ပူးတွဲပါလာသည့်အတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် သေချာစွာ ဂရုစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မကြာခင်ကာလအတွင်း နိုင်ငံခြားသားများပါဝင်သည့် ခရီးစဉ်များ ဝင်ရောက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပင်လယ်၊ ကျွန်း၊ ကမ်းခြေ များသည် တန်ဖိုးရှိလာမှာဖြစ်ကြောင်း၊ ဟိုတယ်အသစ်များ အချိန်မီ ပြီးစီးအောင် ဆောက်လုပ်ထားရှိရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဝန်ဆောင်မှုအကြောင်းရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက် များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်