ထန်းတပင် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့သော မြို့နယ်လုံးဆိုင်ရာပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဆုများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒိတ်ကုန်းကျေးရွာအုပ်စု၊ သရက်ခြံကျေးရွာရှိ ပညာပါရမီဓမ္မာရိပ်သာကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်းဆရာတော် ဘဒ္ဒန္တဒေါက်တာရေဝတထံမှ တက်ရောက်လာကြသည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမ နိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တစိန္တိတထံမှ ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ သြဝါဒကထာကို နာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲပထမလတ်တန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၄) ပါးနှင့် သီလရှင် (၁) ပါး၊ ပထမငယ်တန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၁၅) ပါးနှင့် သီလရှင် (၁) ပါး၊ အခြေပြုမူလတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၃၆) ပါးနှင့် သီလရှင် (၂) ပါး၊ အခြေပြုတန်းတွင် အောင်မြင်တော်မူသည့် စာအောင်သံဃာ (၃၈) ပါးနှင့် ရှင်သာမဏေတန်းတွင် အောင်မြင်တော်မူ သည့် စာအောင်သံဃာ (၈၃) ပါးနှင့် သီလရှင် (၂) ပါးတို့အား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်း ဆရာတော်ဘဒ္ဒန္တ ဒေါက်တာရေဝတ၊ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တစိန္တိတ၊ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ပညာပါရမီဓမ္မာရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂါစာရနှင့် မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များက အောင်လက်မှတ်များနှင့် ဆုများကို ပေးအပ်ခဲ့ကြပြီးဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်