လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

လှိုင် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်‌ရေးဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က လှိုင်မြို့နယ် ဘူတာရုံလမ်း လှိုင်မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းသို့ လှိုင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်လွင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းနိုင်၊ စည်ပင်Eo ဦးဇေယျာလင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြသည်။

ထို့နောက် လှိုင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထက်၏ ဦး‌ဆောင်မှုဖြင့် ဘူတာရုံလမ်း၊ လှိုင်မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဇာတ်တိုက် လေ့ကျင့်ခဲ့ခြင်းကို ဈေးတာဝန်ခံများ၊ ဈေးဝန်ထမ်းများ၊ ဈေးသူဈေးသားများဖြင့် ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေးစီမံချက်ပါအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ခြင်းဆိုသော မြန် (၃) မြန်စနစ်အား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မီးဘေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)