မိုင်းဆတ် ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ၏ နေအိမ်များအား လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာရွှေက ပံ့ပိုးငွေပေးအပ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ လာမည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးအန္တရာယ်ကြောင့် ပြည်သူများ၏နေအိမ်များ ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ နေအိမ်များကြိုတင်အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်နိုင်ရန် ပံ့ပိုးငွေပေးအပ်ရခြင်းဖြစ်ကြောင်း၊ လေပြင်းဘေးအန္တရာယ်ခံနိုင်ရည်ရှိသော အဆောက်အဦများဖြစ်လာစေရန် ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူတို့က မိုင်းဆတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ခြေ ၃၀၀ အတွက် တစ်အိမ်လျှင် ပံ့ပိုးငွေကျပ် ၇၀,၀၀၀ နှုန်းဖြင့် အိမ်ခြေ ၃၀၀ အတွက် စုစုပေါင်းငွေကျပ်သိန်း ၂၁၀ အား ပေးအပ်ရာ တက်ရောက်လာသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ လေပြင်းဘေးဒဏ်ခံစားရလေ့ရှိသော ကျေးရွာများသို့သွားရောက်၍ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စာရင်းများကောက်ယူခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိကျေးရွာများသို့သွားရောက်၍ နေအိမ်များပြုပြင်ရန်လိုအပ်မှု၊ ပြင်ဆင်နေမှုအခြေအနေများကို ကွင်းဆင်းဆောင်ရွက်ပြီး အသိပညာပေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)