ဟိုပုံး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလကအသင်းကြီးမှ ကျင်းပပြုလုပ်သော (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်လောင်းလှူပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ချုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်ကြီးများ၊ မြို့နယ်လုံးဆိုင်ရာပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်လောင်းလှူပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များအား နမောတဿဖြင့် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် နောင်တောင်းပရဟိတကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်များမှ ပရိတ်တရားတော်များကို ချီးမြှင့်တော်မူခဲ့သည်။
ထို့နောက် စာပွဲတော်အလုပ်အမှုဆောင် ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ဆရာတော်က စာမေးပွဲအကြောင်းအရာများနှင့် ကျေးဇူးတင်ဝမ်းမြောက်စကားလျှောက်ထားပြီး “ပရိယတ္တိပါလက” ဓမ္မာစရိဘွဲ့ရ အရှင်သူမြတ် (၃)ပါး၏ အတ္ထုပ္ပတ္တိ(အကျဉ်း)ကိုဖတ်ကြားပြီး စာအောင်သံဃာတော်များအား ဓမ္မစကြာဝတ်အဖွဲ့များက ဂုဏ်ပြုကဗျာများဖြင့် ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပရိယတ္တိပါလကစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကျောက်တလုံးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တို့မှ ဓမ္မာစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ မူလတန်း၊ သေခိယတန်း၊ ပါဒကတန်းမှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၅၃၆) ပါးတို့ကို အောင်လက်မှတ်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါ (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ ဖေဖော်ဝါရီ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)