ညောင်ရွှေ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်သို့ ရောက်ရှိပြီး ကျောင်းတော်မြောက်ဘက်မုခ်လှေခါး ပြင်ဆင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များကို ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများကို လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇရပ်ကြီးဘုန်းတော်ကြီးကျောင်းနှင့် ကေလာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ ဩဝါဒများနာယူခဲ့ကြပြီး ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ