ပုဇွန်တောင် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
ထိုသို့ကျင်းပရာ၌ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ နံနက်အရုဏ်တွင် သာ့သနဇောတိကဓမ္မာရုံကြီးတွင် ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်မည်ဖြစ်သည်။ ညနေ ၄ နာရီတွင် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပမည်ဖြစ်ပြီး သံဃာတော်များမှ အမှတ်(၇)ရပ်ကွက်အတွင်း လှည့်လည်အလှူခံကြွရောက်မည်ဖြစ်ရာ ဆွမ်းဆန်တော်လောင်းလှူနိုင်ရန် စားပွဲများအား အလှူခံကြွရောက်မည့် လမ်းကြောင်းတစ်လျှောက် စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ (၆၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကြီး၌ လှူဒါန်းလိုသော ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မတ်လ(၁)ရက်နေ့ ညနေ ၄ နာရီအချိန်မှစတင်၍ သာ့သနာဇောတိကဓမ္မာရုံကြီးသို့ လာရောက်လောင်းလှူကုသိုလ်ယူနိုင်ပါကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များအနေဖြင့် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖုန်း ၀၉-၅၀၄၈၇၂၃ နှင့် ၀၉-၂၅၄၂၀၀၁၄၆ တို့တွင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
ဟန်စုယဉ်