မောက်မယ် ဖေဖေါ်ဝါရီ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်း စာသင်တိုက်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှူးကျင်းပသည့် နေ့/ညအသံမစဲမဟာအဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့သမိုင်းဝင်နန်းဖတ်ခုမ်စေတီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်လည်းကောင်း၊ အကျိုးတော်ဆောင်ဆရာတော်က ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကမ္မဋ္ဌာန်းတိုက်ဆရာတော်က အဘိဓမ္မာတရားတော်နာကြားရန် နတ်ဗြဟ္မာများအားပင့်ဖိတ်ခဲ့ပြီး ကုန်းပေါင်းဆရာတော်က အဘိဓမ္မာဒေသနာ တော်ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနိုးဆော်လွှာဂါထာဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာဘာဏကဆရာတော်သံဃာတော်များ၊ လူပရိတ်သတ်များက ပဌာန်းပစ္စယုဒ္ဒေသကို (၃) ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့၍ ဓမ္မသင်္ဂဏီကျမ်းတော်မြတ်မှ စတင်ကာ သံယာတော် (၂၇) ပါးတို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီးအဘိဓမ္မာ (၇) ကျမ်းအား ၅ရက်တိုင်တိုင် နေ့/ညအသံမစဲရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ သိရသည်။
စိုင်းမျိုးသန့်