ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၃
ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ ဇမ္ဗူမာန်အောင် ဆုတောင်းပြည့် မမသိုင်းစေတီတော်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ အသစ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တာဝန်ရှိသူများမှ စေတီတော်၏ ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များမှ အနေကဇာတင်လှူပူဇော်ခဲ့သည်။ ထို့နောက် ဘဒ္ဒန္တဓမ္မဓီပတျာလင်္ကါရထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မဓီပတျာလင်္ကါရ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းဆရာတော်ဘဒ္ဒန္တဝိဓူရ တို့အမှူးပြုသည့် ပင့်သံဃာတော် ၁၈ ပါး ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းဖြိုးတို့နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)