ထားဝယ် ဖေဖော်ဝါရီ ၂၃
သဲဖြူဆရာတော်ကြီးအားအမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့စ၍ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ထားဝယ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်လူပြည်သူများအား မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။
ထို့သို့ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး Dr လှိုင်းလှိုင်းနှင့် အဖွဲ့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှဦးဆောင်သော မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကုဆေးအဖွဲ့တို့က ထားဝယ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်လူ ပြည်သူ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ အမြင်အာရုံစမ်းသပ်ခြင်း၊ မျက်တွင်းမှန်ပါဝါတိုင်းခြင်း၊ ရေချိန်တိုင်းခြင်းနှင့် အခြားမျက်စိရောဂါများအား ခေတ်မီစမ်းသပ်စက်တို့ဖြင့် စမ်းသပ်စစ်ဆေးပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ပြသသော မျက်စိရောဂါဝေဒနာရှင် ရဟန်း၊ ရှင်လူပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ အားပေးစကားပြောကြားပြီး ပါဝါမျက်မှန်များအား တစ်ဦးချင်းတပ်ဆင်ပေးကာ ဆရာဝန်များအား လာရောက်ကုသပေးသည့်အတွက် ပြည်သူများကိုယ်စားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးရှိ မျက်စိဆောင်တွင် မျက်စိဝေဒနာရှင်များ အဆင်ပြေစွာ ကုသနိုင်ရန်အတွက် မျက်စိခွဲစိတ်ခန်း၊ ကုသခန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အလှူရှင်များက ဆေးလာရောက်ကုသသည့် မျက်စိဝေဒနာရှင်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်နှင့် ရေသန့်ဘူးများ လှူဒါန်းဝေငှပေးပြီး မျက်စိဝေဒနာရှင်များ အဆင်ပြေစွာ ကုသနိုင်ရေးအတွက် လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိစမ်းသပ်ကုသသူ-၄၉၃ ဦး၊ အတွင်းတိမ်ကုသသူ-၁၅၅ ဦး၊ ခွဲစိတ်ကုသ- ၄၁ ဦး၊ အမြင်အာရုံစမ်းသပ်စစ်ဆေးသူ- ၁၂၂ ဦး၊ မျက်မှန်တပ်ဆင်သူ-၇၆ ဦး ကုသပေးပြီးဖြစ်ကြောင်း သိရပြီး မျက်စိဝေဒနာရှင်များကို မတ်လ ၆ ရက်အထိ အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်၊၊
တိုင်းဒေသကြီး(ပြန်/ဆက်)