မိတ္ထီလာမြို့နယ်၌ သိမ် ၉ သိမ် အကြိမ်(၂ဝ)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်း

မိတ္ထီလာ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ရှင်အရဟံ ရဟန္တမထေရ်မြတ်ကြီး ဦးဆောင်သမုတ်တော်မူခဲ့သော သိမ် ၉ သိမ်တွင် အကြိမ် (၂ဝ)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွက် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆည်ကုန်းကျေးရွာအနီးရှိ ပဲသီတာသိမ်တော်မြတ်ပရဝုဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဆည်ကုန်းဓမ္မစကူးလ်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသီလဝန္တထံမှ ငါးသီလတရားတော်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ သိမ် ၉ သိမ် အကျိုးဆောင်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလှူရှင်များက ခံယူဆောက်တည်ကြသည်။ ထို့နောက် သိမ် ၉ သိမ်တွင် ကျင်းပမည့် အကြိမ် (၂ဝ)မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲဖြစ်မြောက်ရေးအကျိုးဆောင်များထံသို့ အလှူတော်ငွေများကို တာဝန်ရှိသူများနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ညွှန်းတရားတော်များကို ဆရာတော်ဘဒ္ဒန္တသီလဝန္တထံမှ နာယူကြသည်။ အဆိုပါ သိမ် ၉ သိမ်မှာ ပဲသီတာသိမ်၊ ကက္ကူကန်သိမ်၊ ဝက်ကျောက်သိမ်၊ ရှင်ပင်ကူသိမ်၊ သဖန်းသိမ်၊ ကလိန်ခြေသိမ်၊ ကူဖြူသိမ်၊ ကုန်းတောင်းသိမ်၊ ထီးသုံးဆင့်သိမ်တို့ဖြစ်ပြီး အဆို သိမ် ၉ သိမ်ရှိရာနေရာများတွင် တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ