ပုဇွန်တောင် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး၏လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်ထွေး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်နေပြည်သူများ လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအားညအိပ်ချိန်တွင်သတိထား၍ စနစ်တကျငြှိမ်းသတ်ရန်၊ လျှပ်စစ်မီး ပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များစနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာမီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများ၊ ဈေးများ၊ စက်မှုလက်မှုလုပ်ကိုင်သူများ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်၊ တည်းခိုခန်းနှင့် အင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြှိမ်း သတ်ခြင်း လက်တွေ့သရုပ်ပြသဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ဟန်စုယဉ်