ကျောက်ဆည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေး ငွေ(၇၃၆၀)ကျပ်ဖြင့် စားအုန်းဆီ ၁၀၀ ပိဿာ၊ ဝက်သားတစ်ပိဿာငွေ ၂၆၀၀၀ ကျပ်ဖြင့် ၃၅ ပိဿာ၊ အမဲသားတစ်ပိဿာ ငွေ ၂၅၀၀၀ ကျပ်ဖြင့် ၂၅ ပိဿာ၊ ဆိတ်သားတစ်ပိဿာငွေ ၂၈၀၀၀ ကျပ်ဖြင့် ၁၅ ပိဿာ အသီးသီး ရောင်းချပေးခဲ့ရာ ဈေးဝယ်သူ ၁၈၇ ဦးခန့် လာရောက်ဝယ်ယူကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)