ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၃
ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoon၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesornက ဆန်လွှဲပြောင်းပေးအပ်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoonက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ လွဲပြောင်းပေးအပ်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားတို့ တက်ရောက်လာသည့် ငလျင်ဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)