အမရပူရ ဖေဖော်ဝါရီ ၂၃
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ရတနာပုံတက္ကသိုလ်၏ (၂၆) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမိုးယဥ်ယဥ်နှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ သုတေသနစာတမ်း တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များ၊ စီမံရေးရာဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်အမှာစကားနှင့် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။
ဆက်လက်ပြီး သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပရာ ဝိဇ္ဇာဘာသာရပ်တွင် မြန်မာစာ (၄)စောင်၊ အင်္ဂလိပ်စာ (၆)စောင်၊ ပထဝီဝင် (၃) စောင်၊ သမိုင်း (၄) စောင်၊ ဒဿနိကဗေဒ (၁) စောင်၊ စိတ်ပညာ (၁) စောင်၊ ဥပဒေပညာ (၅) စောင်၊ အရှေ့တိုင်းပညာ (၂)စောင်၊ နိုင်ငံတကာဆက်ဆံရေးပညာ (၅)စောင်၊ မနုဿဗေဒ (၁) စောင်၊ ရှေးဟောင်းသုတေသနပညာ (၄)စောင်၊ စာကြည့်တိုက်နှင့်သုတပညာ (၃)စောင်၊ စီးပွားရေးပညာ (၂)စောင်တို့အားလည်းကောင်း၊ သိပ္ပံဘာသာရပ်တွင် ဓာတုဗေဒ (၄)စောင်၊ ရူပဗေဒ (၄)စောင်၊ သင်္ချာ (၄)စောင်၊ သတ္တဗေဒ (၆)စောင်၊ ရုက္ခဗေဒ (၁)စောင်၊ ဘူမိဗေဒ (၁)စောင် စုစုပေါင်း စာတမ်း (၆၁)စောင်ကို တင်သွင်းဖတ်ကြားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ