မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးကြပ်ပြီး ယနေ့နံနက်ပိုင်းက ဟွေဖအုပ်စု၊ နမ့်နော်(အပေါ်)ကျေးရွာ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၂)မှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်မိုးက တောင်ယာမီး၊ တောမီးမရှို့ရန် တားဆီးပညာပေးအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက တောမီးလောင်ကျွမ်းမှုမရှိစေရေး သတိပြုရန်နှင့် တောင်ယာခုတ်ထွင် မီးရှို့ခြင်း၊ ရိုးပြတ်များ မီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းထွန်းဦးက လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တားဆီးပညာပေးအကြောင်းကို ဟောပြောကြသည်။

မိုင်းယောင်းမြို့နယ်တွင် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ စည်းကမ်းမဲ့မပြုလုပ်စေရေး အသိပညာပေးခြင်းလုပ်ငန်းအပြင် သစ်တောဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ဒေသန္တရအမိန့်အရ အရေးယူခြင်းခံရမည်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစိစစ်ရေးအဖွဲ့ ၁၁ ဖွဲ့ခွဲ၍ ရပ်ကွက်၊ ကျေးရွာများ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း