မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာ ကိစ္စများမှာကြားချက်များကို ထပ်ဆင့်ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကို ထပ်ဆင့်ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်/ မြို့နယ်တရားသူကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ခရိုင်/ မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်